Sunday 31 July 2011

ကုလားအမတ်လောင်း၏ ဝါဒ

အမျိုးသားတို့အနက် ဒိုင်အာဒီကောင်စီ အတွင်းအပ နှစ်ဝသောဌာနမှ တိုက်ခိုက်မှ ရယူအောင်မြင်နိုင်လိမ့်မည် အထင်အမြင်ရှိကြသော လူပညာရှိများရှိကြောင်းကို ဆရာတော်ကသိပေ၏။ 

အမတ်ရွေးကောက်ရန် နိုင်နင်းအောင် ပြုလုပ်နိုင်သည်လည်း ဟူတန်ရာ၏။ 

ဂျီ၊ စီ၊ ဘီ၊ အေ၊ အသင်းကြီးက ထိုကောင်စီသို့ဝင်ရန် လူများစေလွတ်နိုင်စေခြင်းငှာ စီမံနိုင်သည်လည်း ဟူတန်ရာ၏။

ထိုသို့ဝင်ရောက်မည့်သူများအနက် အချို့သောပုဂ္ဂိုလ်တို့သည် အခြားသော သာမညအမတ်တို့အား မိမိတို့စကားကိုနားထောင်အောင် အုပ်ချုပ်သိမ်းဆည်းနိုင်သည်လည်း ဟူတန်ရာ၏။ 

ထိုသို့သောအကြံကို မစ္စတာတရပ္ပဂျီက ဖော်ပြနည်းပေးလေသည်။ 

(တရပ္ပဂျီမှာ နောင်တွင်မြန်မာပြည်၌ အိန္ဒိယတိုင်းသားထဲမှ အမတ်တစ်ဦးဖြစ်လာသူဖြစ်သည်။)
သတင်းစာတို့၌ပင်လျှင် အတုန့်အပြန် ငြင်းခုံလျက်ရှိကြလေသည်။ 

ထိုအကြံဖြစ်ဟန်တူသည်။
ထိုအကြံ၏အစမူလမှာ ဇာတိမာန သူရဲဘောဆုတ်ယုတ်ရခြင်း ဖြစ်၍ အဆုံး၌ အခြေမကျသောအဖြစ်သို့သာလျှင် ရောက်ဖို့ရှိလေသည်။

ထိုအကြံ၌အခြေခံထား၍ စည်းသားဆောင်ရွက်ရန်အချက် တစုံတရာမျှ မတွေ့မမြင်ရပေ။ 

မစ္စတာတရပ္ပဂျီသည် မြန်မာပြည် ကွန်ကရက်ကော်မီတီ၏ အတွင်းရေးမှူး ဖြစ်လေသည်။ 

သို့ကြောင့်အစိုးရနှင့်မဆက်ဆံခြင်းအလုပ်ကိုအစဉ်မပြတ်ဟောခဲ့သူဖြစ်ချေသည်။ ထိုပုဂ္ဂိုလ်၏အကြံအကျင့်မှာ ကွန်ကရက်နည်းစနစ်အတိုင်းဖြစ်သင့်သည်။ 

သို့ရာတွင် ထိုပုဂ္ဂိုလ်၏ အကြ့သည် အပ ပယောဂ ပူးကပ်သဖြင့် ထွက်ပေါ်လာသော အကြံဖြစ်သည့်လက္ခဏာ တူချေသည်။

ထိုပုဂ္ဂိုလ်နှင့် ဆရာတော်နှီးနှောကြသောအခါတွင် ကွန်ဂရက်အသင်း၏ စည်းကမ်းစနစ်မှ တသွေမတိမ်းဘဲလျက် ကွန်ဂရက်အသင်းကြီး၏ အကြံဥာဏ်နှင့် တသဘောတည်းဖြစ်ကြောင်း မြွတ်ဆိုပါလျက် ယခုသတင်းစာတွင် တွေ့မြင်ရသော နည်းပေးအကြံသည် မြန်မာအမျိုးသားတို့၏ အခြေကိုလိုက်၍ အကြံပေးခြင်းနှင့်တူသည်ဟု ဆရာတော်သဘောရပေသည်။

ထိုပုဂ္ဂိုလ်၏ ထင်မြင်ချက်မှာ မြန်မာအမျိုးသားတို့သည် အောက်ကျနောက်ကျဖြစ်လျက်ပင် ရှိကြသေ၏။ 

ခေါင်းဆောင်လူကြီးတို့သည်လည်း အလွန်လေးခံဖင့်နွဲ၍ နောက်ကျလျက်ပင်ရှိကြသေး၏။ ထိုသို့ရှိခြင်းကြောင့် အောက်ကျဖြစ်လျက်ပင် ရှိကြသေး၏။ 

ထိုသို့ရှိခြင်းကြောင့် အောက်ကျနောက်ကျရှိသော လူမျိုးတို့နှင့် ထိုက်တန်သော အိမ်တွင်းပုန်း အောင်းနေတတ်သော သူတို့အတွက် ပေးသောအကြံပင်လျှင် ဖြစ်တန်ရာ၏။

ထိုပုဂ္ဂိုလ်ကဆိုသည်မှာ ရှင်း၏။ 
ထင်မြင်ချက်များအကြောင်းကို တစုံတရာပြနိုင်ပါမူ ယင်းသို့ အထင်အမြင်သေး ပေးဘိသော အကြံအတွက် ဝမ်းနည်းကြောင်းကို ဖွင့်မြွတ်ဝန်ခံ၍ မိမိအကြံကိုပြန်၍ နှုတ်သိမ်းပါမည်ဟုဝန်ခံ၏။ 

ဆရာတော်သည် မည်သည့်အခါမှ အစိုးရတို့နှင့် မဆက်ဆံလိုပြီးဟူ၍ ပင် အဓိဌာန်ပြုပြီးသူ (နွန်းကိုအော်ပရေးတာ) ကွန်ကရက်အသင်းသားတယောက်က ဤကဲ့သို့ရူပန်းမလှ အထမမြောက်နိုင်သော အကြံပေး၍ ဦးခေါင်းမာသော ဗြူရိုကရေစီနှင့် ပူးပေါင်းဆောင်ရွက်လျှက် အခက်ကြုံကြိုက်ရှိစေအောင် အကြံပေးသူအား အံ့သြ၍ မကုန်နိုင်အောင်ပင် ရှိရချေသည်။

အစိုးရတို့နှင့် ပူးပေါင်းရောစွက် ဆောင်ရွက်ခဲ့ချေမူ သာ၍ပင် စိတ်မချမ်းသာစရာ ကိုယ်ပါနွမ်းယိ ဒုက္ခအတိ တွေ့ကြုံပြီးလျှင် အမျိုးသားတို့၏ လွတ်ငြိမ်းချမ်းသာရန် ဆောင်ရွက်ရန် ဝတ္တရားတို့ပွားများ၍ လာပေလိမ့်မည်။

အမျိုးသားခေါင်းဆောင်လူကြီးများက နှိပ်စက်ညှင်းပမ်းခံရမည်ကို ကြောက်ကြသည်။ 

ထိုပုဂ္ဂိုလ်တို၏အထင်မှာ အစိုးရသည် ဖိနှိပ်ခြင်းနည်းစနစ်ကို ပြုလုပ်ရန် လိုလားမျော်ကိုးးရှိကြသည်ဟု ထင်ကြသည်။

၎င်းပြင် များလှသော အရာရှိတို့က ပြည်သူတို့အား သနားဂရုဏာ ရှိကြသော်လည်း အုပ်ချုပ်ခြင်းစည်းစနစ်၏ အခြေခံက ဿရိယအာဏာတွင် တည်ရှိသည် ဖြစ်သောကြောင့် အရာရှိကြီးတို့သည် မိမိတို့သြဇာအာဏာ ကြံ့ခိုင်တည်တံ့စေရန် ပြည်သူတို့က လုံးလုံးရိုသေကိုင်းရှိုင်းရအောင် ဖိနှိပ်ခြင်းငှါ အားသန်ကြလေသည်။

ဗြူရိုကရက်တို့သည် ပြည်သူအပေါ်၌ စိတ်နေသဘောထားပြောင်းရွေ့လာသည်မရှိသေးဘဲ မိမိတို့လက်၌ ရရှိပြီးဖြစ်သော အာဏာကို ရန် ရည်သန်လျက်ပင် ရှိချေသေးသည်။

ကောင်စီအတွင်းသို့ ဝင်လိုက်သောအမျိုးသားတို့သည် အထက်ဆိုခဲ့သော ဆင်ခြေမျိုးကို အကြောင်းပြခဲ့သည်ဟူမူကား ထိုဆင်ခြေမျိုးဖြင့်ပင် ဆရာတော်က ကောင်စီအတွင်းသို့ မဝင်ထိုက်ကြပေဟု ဆိုရပေလိမ့်မည်။

No comments:

Post a Comment